top of page
NUG Bond

အထူးငွေတိုက်စာချုပ်

Bond (ငွေတိုက်စာချုပ်) ဆိုတာဘာလဲ?
ငွေစာချုပ်ဆိုတာက သာမန်အားဖြင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ငွေကြေးလိုအပ်ချက်ရှိလာတဲ့အခါမှာ ပြည်သူအများထံသို့ ငွေကြေးသက်သေခံစာချုပ်တစ်ခုအဖြစ် အတိုးနှုန်းတစ်ခုနဲ့ ထုတ်ရောင်းတဲ့ စာချုပ်တစ်ခုပါ။ 
ဥပမာအားဖြင့် အစိုးရတစ်ရပ်အနေနဲ့ ငွေကြေးပမာဏ Amount တစ်ခုလိုအပ်နေတယ်။ ဒါဆိုရင် အဆိုပါ ပမာဏနဲ့ ညီမျှတဲ့ ငွေတိုက်စာချုပ် (Bond) တွေကို တန်ဖိုးအသီးသီးနဲ့ ပြည်သူတွေဆီကို ထုတ်ရောင်းလိုက်ပါတယ်။ Bond တွေရဲ့ သက်တမ်း နှစ်နှစ်၊ သုံးနှစ် စသဖြင့် ပြည့်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ သူတို့ဝယ်ယူထားတဲ့ ပမာဏအတိုင်း ငွေသားပြန်လည် ထုတ်ယူနိုင်ပါတယ်။ သက်တမ်းမပြည့်ခင် ကာလအတွင်းမှာတော့ သတ်မှတ်ထားတဲ့ လအပိုင်းအခြားအလိုက် သက်ဆိုင်ရာ အတိုးနှုန်းအတိုင်း အစိုးရဆီကနေ အတိုးရယူနိုင်ပါတယ်။ 
ဒါကြောင့် သာမန်အချိန်တွေမှာတော့ Bond တွေကို ငွေကြေးအကျိုးအမြတ်အတွက်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ဖြစ်စေ ဝယ်ယူကြပါတယ်။
NUG Bond က ဘာတွေ ထူးခြားချက်ရှိလဲ?
NUG Bond ကတော့ သာမန် ငွေတိုက်စာချုပ်တွေလို စီးပွားရေးအကျိုးအမြတ်အပေါ် အခြေမခံဘဲ ပြည်သူ့တော်လှန်ရေးအပေါ် အခြေခံပါတယ်။ သာမန်ငွေတိုက်စာချုပ်တွေလို အတိုးနှုန်းလည်း မပါဝင်ပါဘူး။
ပြည်သူအများသိကြတဲ့အတိုင်း လက်ရှိအချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန် အကောင်းဆုံး ကာလတစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် အရေးတော်ပုံ အမြန်ဆုံးအောင်မြင်ပြီး ပြည်သူ့ဆန္ဒသဘောထားအတိုင်း ဖယ်ဒရယ်ပြည်ထောင်စု အမြန်ဆုံးထူထောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ်တစ်ခုအဖြစ် NUG Bond တွေကို ရောင်းချရခြင်းဖြစ်ပါတယ်။

Lottery

နွေဦးထီ


တော်လှန်ရေးထီဖြစ်သည့်အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာတွင် ဘယ်သောအခါမျှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီ ကိုအားပေးရင်း တော်လှန်ရေးမှာပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့အလေးအနက်တိုက်တွန်းလိုက်ရပါတယ်။ 

အောင်လံလွှင့်ချီ နွေဦးထီသည် ပြည်သူဖက်မှ ရပ်တည်သော CDM ဝန်ထမ်းများအား ချီးမြှင့်နိုင်ရန် နှင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

EOD Shares

EOD Shares

 The End of Dictatorship" (မြန်မာလိုအားဖြင့် "အာဏာရှင် နိဂုံး") ကို အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးရည်ရွယ်ချက်ဖြင့် ၂၀၂၂ မေလတွင် တည်ထောင်ခဲ့သည်။
အာဏာရှင်နိဂုံး စီမံကိန်းကို မြန်မာနိုင်ငံ တရားဝင်အစိုးရ NUG ၏ “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန” အတိုကောက် အားဖြင့် MoPFI ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းပါတယ်။ စီမံကိန်းမှာ MoPFI မှ ကိုယ်စားလှယ်များ အပြင်၊ အခြားဝန်ကြီး ဌာနများ၊ သီးခြား အဖွဲ့အစည်းများ၊ တစ်ဦးချင်း ဗော်လန်တီယာများ ပါဝင်ကြပါတယ်။ ဥပဒေ၊ နည်းပညာ၊ ပရောဂျက်၊ ရာဖြတ်၊ စျေးကွက်၊ သတင်းပြန်ကြားရေး၊ ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး၊ စာရင်းစစ် စသည့် အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားပါသည်။
အာဏာရှင်နိဂုံး၏ ဦးဆောင်စံပြစီမံကိန်းအဖြစ် စစ်ကောင်စီ အဖွဲ့ဝင်တွေနှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများ မတရား ရယူထားသည့် ပိုင်ဆိုင်မှုများကို NUG က ပြန်လည်သိမ်းယူရယူရန် အချို့ ပိုင်ဆိုင်မှုများကို တော်လှန်ရေးကာလအတွင်း အမြန်ဆုံး သိမ်းယူပြီး EOD မှ ပြန်လည်ရောင်းချပါမည်။

354464942_247019694697616_3916526417806205178_n_edited.jpg

SDB Bank

Spring Development Bank ( SDB )
နွေဦးဖွံ့ဖြိုးရေးဘဏ်
မကြာခင်မှာ အားလုံးစိတ်ဝင်စားနေကြတဲ့ နောက်ထပ်အရွေ့တစ်ခုဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB)ကို Official Soft Launch လုပ်တော့မှာပါ။ ဆိုတော့ SDB အကြောင်း အကြမ်းဖျဉ်းပြောပြပါ့မယ်။
⁃ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလဗဟိုဘဏ်ကနေ တရားဝင်လိုင်စင်ရရှိထားတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။
⁃ ဘဏ်အပေါ်ယုံကြည်စိတ်ချစွာနဲ့ ငွေအပ်နှံသူများရဲ့ လုံခြုံရေးကိုအထူးအလေးထားပြီး မိမိတို့ရဲ့ငွေကြေးများကို လုံခြုံစိတ်ချစွာသိမ်းဆည်းလို့ရသလို ငွေကြေးအာမခံချက်ရှိစေဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တည်ထောင်ထားပါတယ်။
⁃ SDB Bank ကို လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၁၀၀%ပိုင်ဆိုင်ပြီး အနာဂတ်အချိန်ကာလမှာ ၄၉%သော ရှယ်ယာတွေကို ပြည်သူလူထုက ဝယ်ယူနိုင်မှာပါ။
⁃ လက်ရှိအချိန်မှာ တရားဝင်လိုင်စင်နဲ့ လည်ပတ်မှာဖြစ်သလို သံတမန်ရေးဆိုင်ရာမိတ်ဖက်နိုင်ငံအချို့မှာလည်း ဘဏ်လုပ်ငန်းလိုင်စင်တွေရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘဏ်များအကြားမှာ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ဖို့ အဓိကလိုအပ်တဲ့ Swift Code ရရှိလာဖို့အတွက်လည်း SDBက ဆောင်ရွက်လျက်ရှိပါတယ်။
⁃ SDB မှာ မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံသားမဟုတ်သူ(နိုင်ငံခြားသား)များပါ လွတ်လပ်စွာ ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
⁃ ဘဏ်နဲ့ဆက်သွယ်ပြီး အကောင့်ဖွင့်ဖို့အပြင် ငွေသွင်း/ငွေထုတ်တွေ၊ ဘဏ်ရဲ့ဝန်ဆောင်မှုတွေ အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် Relationship Manager (RM) တွေကို SDBကနေ ခန့်အပ်ထားရှိပါတယ်။
⁃ လတ်တလော ကနဦးအနေနဲ့ မြန်မာကျပ် ၊ အမေရိကန်ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၊ ထိုင်းဘတ် စတဲ့ ငွေကြေးစနစ်(၄)မျိုးကို ဘဏ်အကောင့်တစ်ခုတည်းမှာ လဲလှယ်အသုံးပြုလို့ရသလို USDT ကိုပါ အသုံးပြုလို့ရမှာပါ။ နောက်ပိုင်းမှာတော့ အခြားနိုင်ငံများရဲ့ ငွေကြေးစနစ်တွေပါ ပါဝင်လာမှာပါ။
⁃ SDB မှာ ဘဏ်လုပ်ငန်းစနစ်ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေစုခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလဲလှယ်ခြင်း၊ ငွေပေးချေခြင်း၊ စာရင်းသေအပ်ငွေအပ်နှံခြင်း တို့အပြင် ရွှေကိုပါ ဝယ်ယူစုဆောင်းနိုင်တဲ့ စနစ်တစ်ခု ပါဝင်ပါတယ်။
⁃ စာရင်းသေအပ်ငွေအမျိုးအစားအတွက် ၁လ ၊ ၃လ ၊ ၆လ နဲ့ ၁နှစ်ဆိုပြီး (၄)မျိုးရွေးချယ်နိုင်ပြီး အပ်ငွေကာလပေါ်မူတည်ပြီး အတိုးနှုန်းတွေလည်း ရှိပါတယ်။
⁃ ရွှေဝယ်ယူစုဆောင်းတဲ့ အမျိုးအစားကတော့ ရွှေဝယ်ယူချင်တဲ့သူက ကိုယ့်ဘဏ်အကောင့်ထဲကနေပြီး အလွယ်တကူပဲ ရွှေတိုကင်(Gold Token) အဖြစ် ဝယ်ယူနိုင်ပြီးတော့ SDBဘက်မှ Digital Gold ကို ဝယ်ယူသူကိုယ်စား ပြန်လည်ဝယ်ယူပြီး စုဆောင်းပေးထားမှာဖြစ်ပါတယ်။ ပြန်ရောင်းချင်တယ်ဆိုရင်လည်း အချိန်မရွေး ဘဏ်ကဝန်ဆောင်မှုပေးထားတဲ့ ငွေကြေးစနစ်တွေနဲ့ အလွယ်တကူ ပြန်ရောင်းနိုင်ပါတယ်။ လတ်တလော ပထမအဆင့်မှာတော့ Digital Gold အဖြစ် စုဆောင်းနိုင်မှာဖြစ်ပြီး ပြင်ပရွှေ(Physical Gold) အဖြစ် ပြန်လည်ထုတ်ယူဖို့အတွက်ကတော့ ကြားကာလဗဟိုဘဏ်က တရားဝင်ညွှန်ကြားချက်တွေ၊ လိုက်နာဖို့လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အချိန်ကျရင် ထပ်မံကြေငြာပေးသွားမှာပါ။ ရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးကွက်ရဲ့ နှုန်းထားအတိုင်းပါပဲ။
⁃ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ဘဏ်လုပ်ငန်းစနစ်ကို ပိုမိုစနစ်တကျနဲ့ ရေရှည်အကောင်အထည်ဖော်သွားမယ့် အစီအစဉ်တွေရှိတာမို့ နောက်ပိုင်းမှာ SDB ရဲ့ Visa / Master Credit Card တွေ ထွက်ရှိလာဖို့ ရှိပါတယ်။
⁃ လက်ရှိ MoPFI ရဲ့ Bondတွေ၊ EOD တွေကိုလည်း ဘဏ်အကောင့်ကနေ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
⁃ လက်ရှိ Wallet Aplication တစ်ခုဖြစ်ပြီး အောင်မြင်နေတဲ့ NUGPay နဲ့လည်း Multi-Currency Digital Bank ဖြစ်တဲ့ SDB တို့အကြား ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ငွေအလွှဲအပြောင်းတွေကို အလွယ်တကူဆောင်ရွက်လာနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ လတ်တလာမှာ မရရှိသေးပေမယ့် နောင်ကျရင် SDB နဲ့ NUGPay ချိတ်ဆက်မှုဖြစ်ပေါ်လာမှာပါ။
⁃ ပထမအဆင့်အနေနဲ့ SDB အသုံးပြုသူတိုင်းရဲ့ ဘဏ်စာရင်းအချင်းချင်း ငွေလွှဲပြောင်းတာတွေ၊ ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုတွေအတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်ပါတယ်။ ငွေကြေးစနစ်တစ်ခုမှ အခြားတစ်ခုကိုပြောင်းလဲခြင်း(Currency Exchange) နဲ့ ရွှေ (Gold Token) ဝယ်ယူရောင်းချခြင်းများအတွက် ၂% ဝန်ဆောင်ခရှိပါတယ်။
⁃ ဘဏ်အကောင့်ဖွင့်လိုသူတွေအတွက် အကောင့်ဖွင့်လို့ရပြီဆိုရင် ထပ်မံကြေငြာပေးသွားပါ့မယ်။
⁃ ဘဏ်တစ်ခုအောင်မြင်ဖို့ဆိုတာ ဘဏ်ကိုအသုံးပြုသူတွေရဲ့ ယုံကြည်စိတ်ချရမှု အထူးလိုအပ်တာကြောင့် SDB ဘက်ကလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာဖြစ်သလို မိမိကိုယ်ပိုင်ငွေကြေးဓနတွေကို စိတ်ချစွာနဲ့ သိမ်းဆည်းစုဆောင်းနိုင်မယ့်အပြင် တော်လှန်ရေးရဲ့အရွေ့တစ်ခုကိုလည်း အရှိန်အဟုန်နဲ့တွန်းနိုင်မယ့် SDB မှာ အကောင့်ဖွင့်ပြီး ငွေအပ်/ငွေစုပေးကြပါလို့ နှိုးဆော်ပါရစေ။

Programs: Programs
bottom of page